ယောင်ကိုင်းနေတဲ့ နှုတ်ခမ်းဖျားက စီးကရက်ငွေ့တွေ
ယိုစီးကျ
ကိုယ့်ရဲ့အေးစက်နေတဲ့ လက်တစ်ဖက်ကို
ကိုယ့်ရဲ့နွေးထွေးနေတဲ့ အခြားလက်တစ်ဖက်နဲ့
ဆုပ်ကိုင်ထားရတယ်။ပျော်ပွဲရွှင်ပွဲ ဆိုတာ
ဒါပဲ။အခန်းတံခါးကို လာခေါက်တာပဲဖြစ်ဖြစ်
မက်ဆေ့ခ်ျတစ်စောင် ၀င်လာတာပဲဖြစ်ဖြစ်။ဒါဟာ
မှားယွင်းမှုပဲ။ အသားကျခဲ့။
ငါဟာမင်းရဲ့ချစ်သူဖြစ်တယ်။ငါဟာမင်းရဲ့သူစိမ်းတစ်ဦးဖြစ်တယ်။
အလှည့်ကျရေရွတ်။
ညာဘက်ပါးကမျက်ရည်ကိုသုတ်ပြီး ဘယ်ဘက်ပါးက
ပြုံးလိုက်။ နာကျင်ဇုံ ။
ခုံနံပါတ် ၁၅ ။ဒီဝဋ်ကိုလည်း မကုန်စေချင်ခဲ့။
အမှန်ပါ။ ရပ်နေတဲ့ နာရီတွေ ပြန်လည်လာဖို့။
ဆုတောင်းခဲ့ကြဖူးတယ်။မဟုတ်လား။သစ်ရွက်တွေ
အော်သံကို နားစွင့်ကြည့်လိုက်။
သံသရာ။အမြဲတမ်းစောင့်ခေါ်နေပေမယ့် လက်ပြချင်
စိတ်သာအားသာနေတဲ့ လက်ပြများ။
ဘ၀ဟာ ။ ဒါမျိုး ။ ကုန်သွားတယ် ။ရွဲ့စောင်းခြောက်အက်နေတဲ့
လက်သည်းခွံများရှိသော။
လူသားပဲ အမှားနဲ့ ဘယ်ကင်းမလဲ ဆိုတဲ့
အမှားကိုပဲ ထပ်မှားလိုက်ကြ။ရသလို အကြိမ်ကြိမ်။
မက်ခဲ့ရတဲ့ ဖီးနစ် ပန်း ။သေသွားပြီးတိုင်း
ပြန်ပြန်ရှင်သန်လာတဲ့ ရွံပျော်စရာ အ၀တ်လဲခန်းထဲ
ဝဋ်ဝင်လဲလိုက်သလို။ဖိအားကြောင့် သာ
သာယာလာရတာပါ။စိန်ခင်း။
တိမ်တွေလိုပဲ လွင့်သွားရမှာပါ။လို့တွေးရင်း။ဒါမှမဟုတ်
တွေးရင်။
စပရေးဘူး ခလုပ်ကို ဖိနှိပ်လိုက်သလို
စိုစွတ်သွားတဲ့ လမ်းမပေါ်က တစိမ့်စိမ့်သေဆုံးခြင်း။
ကိုယ့်အမှောင်ဟာပိုမှောင်သွားခဲ့ဖူးရဲ့လား။ဒါဟာမင်းနားထောင်ဖို့သက်သက်
ပဲ လိုအပ်တဲ့
တဖက်သတ်မေးခွန်းတွေလို့ စီလျော်မှုမရှိတဲ့
ငါ့ရဲ့ကြိုတင် သိမှုတွေကို မျက်ရည်ကျအောင်
မင်းရယ်မောပါ။ ဟုတ်တယ် ။ မျက်ရည်တွေ
ကျလာတဲ့အထိ မင်းရယ်မောရလိမ့်မယ်။
တကယ်တော့ အပိုတွေပါလို့ မင်းထင်နေတဲ့
အရာတွေဟာ လိုအပ်ချက်မှန်း သိလာတဲ့အခါ။
ဆေးမမှီတော့ဘူး။ လမ်းမှာပဲဆုံးသွားတယ်
။ နောက်ပြီးတစ်ကိုယ်လုံးပါလာတဲ့အထိအန်ချတယ်။
ပြန်ရွေးချယ်လို့မရတဲ့ အမှားမျိုးတွေ။ရွေးပြီးကျူးလွန်တယ်။ရေသောက်တာကိုလျှော့ချပစ်လိုက်တယ်။
အရိပ်တွေကိုရှောင်ပြီး နေပူထဲကချည်းစောင့်တယ်။မနက်မိုးလင်းပြီဆိုတာနဲ့။
ညအထိအိပ်တယ်။ဘာဆေးမှမပါတဲ့စုတ်တံနဲ့
ကင်းဗတ်စကိုပွတ်ဆွဲတယ်။ပြီးတော့ တစ်ညလုံး
ထိုင်ကြည့်တယ်။သတိရရင်ကိုယ့်ဖုန်းနံပါတ်ကိုပြန်ခေါ်တယ်။ပြီးရင်
မကိုင်ပဲပစ်ထားတယ်။
ဒါဟာပြောင်းလဲခြင်း ဆို ငါဟာ ပြောင်းလဲသူပေါ့။
လွှတ်တင်လိုက်တဲ့ စွန်တွေ ဘယ်တော့မှ
ပြန်မရုတ်တော့ဘူး။ထွေးပြီးသား တံတွေးကို
မြေကြီးနဲ့ ပြန်ဖုံးတယ်။မင်းအကြောင်းတွေပြောရတာပျင်းလာတဲ့အခါ
မင်းအကြောင်းတွေ
ပြန်နားထောင်နေတတ်သလို။ခရမ်းရောင်မီးပွားတွေ
ခေါင်းထဲက ဆက်တိုက်ထွက်ကျနေတယ်။
ဆေးလိပ်ကို မီးညှိပြီး မသောက်ပဲ ဒီအတိုင်း
ကိုင်ထားလိုက်တော့ နားထဲ ပန်းပွင့်ကြွေသံတွေပဲ
ကြောက်လန့်တကြား ကြားနေရတယ်။သူမ ဘာတွေပြောနေလဲ။သူမဘာတွေမပြောနေလဲ။
လျှပ်စစ်ကုလားထိုင်ဟာကိုယ့်ကြောင့်
ပျက်စီးသွားခဲ့တာကြာပြီ။စိတ်ဟာအလောင်းတောင်
ပြန်မရခဲ့ဘူး။လိုအပ်ခြင်းကိုပဲ ခဏခဏ
လိုအပ်နေတဲ့အခါ။
ပန်းခင်းတစ်ခုလုံးကိုမီးရှို့ပစ်လိုက်တာ။
စိုက်ပျိုးသူကို မြေကြီးထဲ ပြန်စိုက်ပျိုးပစ်လိုက်တာ။
ရှိမနေတဲ့ကန်ရေပြင်။ တိမ်တွေဟာငြိမ်သက်လျက်။
ကွယ်နေတဲ့ခန်းစီး။ အလဲလဲအပြိုပြို။
နာရီတွေဆက်မသွားတော့တဲ့ဒေသ။ ရေပြင်ညီငြိမ်သက်သွားတဲ့မျဉ်း။
သိစိတ်မဲ့လုံးခြေနေတဲ့ရွှေအိုရောင်စက္ကူအပိုင်းအစတွေ။
အလဲလဲအပြိုပြို ။
အညစ်အကြေးကို အညစ်အကြေးနဲ့ ဆေးကြောရခြင်းမှာ
ပျော်ရွှင်နေတဲ့သူ။
ဝေးသွားလေလေ စကားတွေဟာထင်ရှားလာလေလေ။
“ သေရမှာကြောက်တယ်။ဒါကြောင့် ကိုယ့်ကိုကိုယ်
အဆုံးစီရင်လိုက်ခြင်းပဲ ”
မှော်
၂၀.၁၀.၂၀၁၄
Search This Blog
Search This Blog
Tuesday, July 7, 2015
ယောင်ကိုင်းနေတဲ့ နှုတ်ခမ်းဖျားက စီးကရက်ငွေ့တွေ ယိုစီးကျ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment